Saturday, December 1, 2012

ရှင်းလင်းတင်ပြခြင်းဆိုင်ရာ နည်းစနစ်များ

ယနေု့ IT ခေတ်ကြီးတွင် လူတိုင်းလူတိုင်း Presentation တစ်ခုခုနှင့် တစ်ချိန်မဟုတ် တစ်ချိန် မိမိကိုယ်တိုင် Presenter အဖြစ် သော်လည်းကောင်း၊ Audience အဖြစ် သော်လည်းကောင်း တွေ့ခဲ့ ကြုံခဲ့ ကြရဖူးမည် ထင်သည်။ ကျွန်တော်သည်လည်းပဲ မိမိကိုယ်တိုင် Presenter အဖြစ် (သို့) Audience အဖြစ်ဖြင့် Meeting နှင့် Seminar ပေါင်းများစွာ တက်ရောက်ခဲ့ဖူးသည်။
          ထိုသို့ တက်ရောက်ခဲ့ဖူးရာတွင် Presentation လွန်စွာကောင်းမွန်ပြီး မိမိတင်ပြလိုသော အချက်ကို နားထောင်၍ မငြီးငွေ့နိုင်အောင် ရှင်းလင်းဟောပြော တင်ပြနိုင်သူများ ရှိသကဲ့သို့ ပြီးသာသွားသည် ပြောလိုသည့် လိုရင်းအချက်ကို မရောက်နိုင်ပဲ ဘာကို ပြောချင် တင်ပြချင်မှန်း မသိလိုက်ရလောက်အောင် Presentation ညံ့ဖျင်းသူများ ကိုလည်း တွေ့ခဲ့ ကြုံခဲ့ရဖူးသည်။
          အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ Presentation Techniques များကို နားလည်သဘောပေါက်မှု၊ သိရှိမှု၊ အသုံးချနိုင်မှု ကွာခြား၍ ဖြစ်ရသည်ဟု ယူဆမိသည်။ ယင်းကွက်လပ်အား တတ်နိုင်သလောက် ဖြည့်ဆည်း ပေးလိုစိတ်ဖြင့် မိမိတို့ သင်ကြားခဲ့ဖူးသော Presentation Techniques (Central Academy Of Information Technology, Japan) သင်ရိုးညွှန်းတမ်းမှ အချက်အလက် အချို့အား ဆီလျော်အောင် ဘာသာပြန်၍ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။

          Presentation များကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား (၃) မျိုးခွဲနိုင်သည်။

(၁) သတင်း အချက်အလက်များ ပေးခြင်း (Information providing)

(၂) သင်ခန်းစာ / ရှင်းလင်းချက်များ ပို့ချခြင်း (Tutorial / Explanation)

(၃) စီမံကိန်းများ / ယူဆချက်များ တင်ပြခြင်း (Proposal / Persuasion)


          ကောင်းမွန်ပြည့်စုံသော Presentation တစ်ခုဖြစ်ရန် အောက်ပါ အချက်များနှင့် ပြည့်စုံရပါမည်။

(၁) မိမိတင်ပြသော အကြောင်းအရာကို ကျိုးကြောင်းဆက်စပ်နေသည့် ခေါင်းစဉ်ခွဲများဖြင့် ရှင်းလင်း ကျစ်လစ်စွာ အဆင့်ဆင့် တင်ပြခြင်း။

(၂) အခြေအနေပေးပါက နားထောင်နေသူများအား ထင်မြင်ချက်တောင်းခြင်း (သို့) အမေးအဖြေ ပြုလုပ်ခြင်း။

(၃) လိုအပ်ပါက စာရင်းဇယား/ရုပ်ပုံကားချပ်များ ထည့်သွင်းအသုံးပြုခြင်း။

(၄) မိမိတင်ပြသော အကြောင်းအရာ ပေါ်လွင်အောင် နိဂုံးချုပ်နိုင်ခြင်း။


          Presentation တစ်ခုကို မည်သို့မည်ပုံ ပြင်ဆင်ရမည်ဆိုသည်ကို အောက်ပါအချက်များ အပေါ်တွင် မူတည်၍ စဉ်းစားနိုင်ပါသည်။

(၁) ဘာကြောင့် Presentation လုပ်ရတာလဲ?

(၂) ဘယ်သူတွေ လာပြီးနားထောင်ကြမှာလဲ?

(၃) ဘာတွေပြောလို့ ရနိုင်မလဲ?

(၄) ဘယ်လို နေရာမျိုးမှာလဲ?

(၅) ဘယ်လို အချိန်မျိုးလဲ?

(၆) ဘယ်လိုပြောယင် ကောင်းမလဲ?


          Presentation ပြုလုပ်ရန် အောက်ပါအတိုင်း (၃) ပိုင်းခွဲပြီး ပြင်ဆင်နိုင်ပါသည်။

(၁) နိဒါန်း (Introduction) ပိုင်းတွင် ပါဝင်သင့်သည်များမှာ

          - မိတ်ဆက်

          - လက်ရှိအခြေအနေနှင့် တင်ပြလိုသည့် အကြောင်းအရာ

          - တင်ပြမည့် အဓိက အချက်များ/အဆင့်များ

          - တင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်

(၂) တင်ပြမည့် အချက်များ (Main presentation) တွင် ပါဝင်သင့်သည်များမှာ

          - မိမိတင်ပြလိုသော အကြောင်းအရာနှင့် ဆက်စပ်သော ဟာသများ။

          - ရုပ်ပုံကားချပ်များ၊ ဂရပ်များ၊ bar chart၊ pie chart များ။

          - မိမိတင်ပြလိုသော အကြောင်းအရာနှင့် ဆက်စပ်သော နောက်ဆုံးသတင်းများ။

          - အမေးအဖြေများ။

          - လက်ရှိ ဖြစ်ရပ်များ။ (အထူးသဖြင့် မအောင်မြင်မှုများ)

          - သရုပ်ပြသမှုများ

(၃) နိဂုံး (Conclusion) ပိုင်းတွင် ပါဝင်သင့်သည်များမှာ

          - မိမိတင်ပြသည့် အကြောင်းအရာ အကျဉ်းချုပ်။

          - အနာဂတ် အလားအလာများ။

          - မေးမြန်းချက်များအား ဖြေကြားခြင်း။

          - ကျေးဇူးတင်စကား။


          Presentation ပြုလုပ်နေစဉ် ရှင်းလင်းတင်ပြရာ၌ သတိထားရမည့် အချက်များမှာ-

-       ရေးထားသည်များကို ဖတ်ပြသည့်ပုံစံမျိုး မဖြစ်ရန်။

-       ရှင်းလင်းပီသစွာဖြင့် မနှေးလွန်း မမြန်လွန်း ရှင်းလင်း တင်ပြရန်။

-       အသံ အနိမ့်အမြင့်၊ အတက်အကျနှင့် ဝါကျ အဖြတ်အတောက် မှန်ကန်ရန်။

-       နားထောင်သူ အားလုံး ကောင်းစွာကြားနိုင်သော မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် ရှင်းလင်း တင်ပြရန်။

-       Technical term အများအပြား သုံးစွဲ၍ ရှင်းလင်း တင်ပြခြင်း မပြုရန်။

-       နားထောင်နေသူများထဲမှ တစ်ဦးတစ်ယောက်ထဲကိုသာ အမြဲ ကြည့်ပြီး ရှင်းလင်း တင်ပြခြင်း မပြုရန်။

-       ရှင်းလင်း တင်ပြလိုသော အဓိက အကြောင်းအရာမှ ချော်ထွက်မသွားရန်။

-       ရှင်းလင်း တင်ပြရာတွင် Body language ဟုခေါ်သော ကိုယ်လက်အမူအရာ အများအပြား လိုအပ်သည်ထက် ပိုပြီး မပြုလုပ်မိရန်။

-       တစ်နေရာတည်းတွင် အစမှအဆုံး မလှုပ်မရှက် ရပ်၍ ရှင်းလင်း တင်ပြခြင်း မပြုရန်။

-       နားထောင်နေသူများအား နှိမ့်ချသော၊ အထင်အမြင်သေးသော မျက်လုံးမျိုးဖြင့် မကြည့်မိရန် (Bad eye contact)။

-       ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသော ပုံစံမျိုး မပြမိရန်။

တို့ ဖြစ်ပါသည်။


          PowerPoint Slide အသုံးပြုမည်ဆိုပါက ရှောင်ကြဉ်သင့်သည့် အချက်များမှာ

-       ဖတ်ရှုရန် ခက်ခဲသော စာလုံးပုံစံများ သုံးစွဲခြင်း (ပန်းစာလုံးများ)။

-       Slide နောက်ခံအရောင်နှင့် စာလုံးအရောင်များ ရောထွေးနေခြင်း၊ မကွဲပြားခြင်း။

-       နောက်ဆုံးမှသူများ သေချာမမြင်နိုင်လောက်အောင် စာလုံးများသေးခြင်း၊ အရောင်ဖျော့ခြင်း။

-       အလင်းပြန်စေနိုင်သည့် အရောင်များ သုံးစွဲခြင်း။

-       ခေါင်းစဉ်နှင့် အချက်အလက်များ သိသာစွာ ကွဲပြားမှု မရှိခြင်း။

-       Slide ထဲတွင် ဝါကျရှည်ကြီးများ (သို့) စာပိုဒ်များဖြင့် ပြွတ်သိပ် ကျပ်ညှပ်စွာ ဖော်ပြခြင်း။

-       ဂရပ် (သို့) ဇယားဖြင့် ဖော်ပြသင့်သော ကိန်းဂဏန်းများကို အခြားနည်းဖြင့် တင်ပြခြင်း။

-       Slide တစ်ခုတွင် ခေါင်းစဉ် တစ်ခုထက်ပို၍ ဖော်ပြခြင်း။

-       တင်ပြရမည့်အချိန်နှင့် မလုံလောက်နိုင်သည့် Slide များ၊ အချက်အလက်များဖြင့် ဖောင်းပွနေခြင်း။


          PowerPoint Slide အသုံးပြုမည်ဆိုပါက လိုက်နာသင့်သည့်အချက်များမှာ -

-       ခေါင်းစဉ်၊ ခေါင်းစဉ်ခွဲနှင့် အကြောင်းအရာများကို စာလုံး အရွယ်အစားများ ခွဲထားခြင်း။ Bold letter ပေးထားခြင်း။

-       ထူးခြားချက်များ၊ အရေးပါသော အချက်အလက်များကို မျဉ်းသားထားခြင်း၊ စာလုံးစောင်းဖြင့် ဖော်ပြခြင်း၊ Highlight လုပ်ထားခြင်း။

-       ဝါကျရှည်များနှင့် စာပိုဒ်များအစား အဓိပ္ပါယ်ပေါ်လွင်နိုင်သော ဝါကျတို (သို့) ဝါကျပြတ်များဖြင့် ဖော်ပြခြင်း။

-       သင့်တော်သော Animation များ ထည့်သွင်းအသုံးပြုခြင်း။

-       လှပရှင်းလင်း ခန့်ငြားပြီး အရောင်နု (သို့) ဖျော့သော Slide Background များ ထည့်သွင်း အသုံးပြုခြင်း။


          Presentation တစ်ခုအတွက် အဆင့်ဆင့် ပြင်ဆင်သင့်သည့် ပုံစံနှင့် ဥပမာ အချို့မှာ -

1.  Problem solving approach
Problem Analyzing => Cause Finding => Dilemma Forming => Solution Finding => Implementation Plan

2.  Leading Approach
Example 1 => Example 2 => Example 3 => Conclusion

3.  Assumption Approach
Greater Assumption => Smaller Assumption => Conclusion

4.  Time Approach
5 years ago => 2 years ago => Present => Future

5.  Cause-Result Approach
Current Cause => Future Result (OR) Current Result => Previous Cause


          ရှင်းလင်းတင်ပြနေစဉ် နားထောင်သူများမှ မိမိ၏ ရှင်းလင်းတင်ပြမှုအပေါ် စိတ်ပါဝင်စားခြင်း ရှိမရှိ အောက်ပါအချက်များဖြင့် အကဲခတ် ဆုံးဖြတ်နိုင်ပါသည်။

စိတ်ပါဝင်စားမှုကို ပြဆိုသော  အချက်များ -

မျက်နှာ အမူအရာ -
-       သင့်ကိုသာ အမြဲ ကြည့်နေသည်။
-       ကျေနပ် နှစ်သက်သော (သို့) ပြုံးနေသော မျက်နှာများ။

လှုပ်ရှားမှု -
-       သင့်ရှင်းလင်းချက်များကို အမြဲလိုလို လိုက်လံ ရေးမှတ်နေခြင်း။
-       ခေါင်းငြိမ့် ထောက်ခံမှုများ ပြခြင်း။

အခြား လက္ခဏာများ -
-       သင်၏ ဟာသပြောဆိုခြင်းများတွင် ရယ်မောခြင်း။
-       သင်၏ မေးခွန်းများကို တက်ကြွစွာ ဖြေဆိုလိုခြင်း။


စိတ်မဝင်စားမှုကို ပြဆိုသော  အချက်များ -

မျက်နှာ အမူအရာ -
-       သင့်ကို ကြည့်မနေခြင်း။
-       ခံစားမှု ကင်းမဲ့သော၊ အာရုံပျံ့လွင့်နေသော မျက်နှာများ။

လှုပ်ရှားမှု -
-       သမ်းဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ လက်ထဲရှိ အရာဝတ္ထု တစ်ခုခုဖြင့် ဆော့ကစားနေခြင်း။
-       အပြင်သို့ ငေးနေခြင်း၊ နာရီကို ခဏခဏ ကြည့်ခြင်း။

အခြား လက္ခဏာများ -
-       သင်၏ ဟာသပြောဆိုခြင်းများတွင် တုံ့ပြန်မှု မရှိခြင်း။
-       အခြားသူများနှင့် တီးတိုး စကားပြောနေခြင်း


          အထက်ဖော်ပြပါ အချက်အလက်များသည် ကျွန်တော် လက်လှမ်းမီသလောက် သိရှိသင်ကြားခဲ့ဖူး သလောက်မျှသာ ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ရေးသားခြင်းဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် Presenter ကောင်း တစ်ယောက်ဟု ကြွေးကြော်ခြင်းမျိုးလည်း မဟုတ်ပါ။ သင်ကြားသိရှိ တတ်မြောက်ခြင်းနှင့် လက်တွေ့အသုံးချနိုင်ခြင်းသည် သီးခြားစီသာ ဖြစ်ပါသည်။ Presentation နှင့် မကင်းနိုင်သေးကြသောသူများ တစ်စုံတစ်ရာ အကျိုးရှိစေခြင်း အလို့ငှါ ရည်ရွယ်ချက်ဖြင့်သာ ဤပို့စ်ကို ရေးသားခြင်း ဖြစ်ပါသည်။

BY Sun Thurain Moe facebook

No comments:

Post a Comment